Friday, July 13, 2018

Justice (2017)


Justice League (2017) မြန်မာစာတမ်းထိုး
“Justice League” (2017)
~~~ ~~~ ~~~ ~~~ ~~~
Superman ကိုဆုံးရှုံးလိုက်ရပြီးနောက် တစ်လောကလုံး ပူဆွေးနေကြတဲ့အထဲ သူသေဆုံးသွားရတဲ့ အဖြစ်အပျက်မှာ အသုံးချခံဖြစ်ခဲ့တဲ့ Batman တစ်ဖြစ်လဲ Bruce Wayne လည်းပါနေတယ်။ ဒါပေမယ့် ကမ္ဘာပေါ်ကို တခြားဂြိုဟ်က အန္တရာယ်တစ်ခုတစ်ခု ဒုတိယအကြိမ် ၀င်လာမယ်ဆိုတာ သေချာသိသွားတဲ့ အခါမှာတော့ Bruce တစ်ယောက် လူသာမန်ထက်စွမ်းတဲ့သူတွေကို စုစည်းပြီး Superman မရှိတော့တဲ့ ကမ္ဘာတစ်ခုကို ကာကွယ်ဖို့ ကြိုးစားရတော့တယ်။
IMDB: 7.9/10
Rotten Tomatoes: 37%
~~~ ~~~ ~~~ ~~~ ~~~ ~~~
~~~ Spoilers Free ~~~ ~~~
DCEU ရဲ့ပထမဆုံး assemble ကားဖြစ်ပြီး၊ Man of Steel ပွဲဦးထွက်ခဲ့တဲ့ အချိန်ကနေ လေးနှစ်ကျော်ကြာ စောင့်ခဲ့ရတဲ့ Justice League ကို ဒါရိုက်တာ Zack Snyder ကတာဝန်ယူရိုက်ကူးထားပြီး၊ Ben Affleck, Henry Cavill, Gal Gadot, Ezra Miller အစရှိတဲ့သရုပ်ဆောင်တွေက ဦးဆောင်ပါဝင်ထားပါတယ်။ DCEU ရှေ့ဆက်အောင်မြင်ဖို့ အလားအလာကို ဆုံးဖြတ်ပေးမယ်လို့ အများစုက ယူဆထားကြတဲ့ ဒီဇာတ်ကားနဲ့ ပတ်သတ်တဲ့ အောက်ပါစာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်ဖြစ်ပြီး တစ်ခေါက်တည်း ကြည့်ရသေးတာမို့ အမှားအနည်းငယ် ပါနိုင်ပေမယ့် စပွိုင်လာတော့ ကင်းတာမို့ 24 ရက်နေ့ မတိုင်ခင် spoiled မခံချင်သူတွေ စိတ်ရှင်းရှင်းနဲ့ ဖတ်လို့ရပါတယ်။
Justice League နဲ့ပတ်သတ်ပြီး ကောင်းတာတွေပဲ အရင်ရွေးပြောရရင် ဒီကားမထွက်ခင်က DC fan တွေ စိုးရိမ်ခဲ့တဲ့ ဇာတ်ကားရဲ့ tone ပါ။ Man of Steel, Batman v Superman တို့ကိုကြည့်ပြီး ကြိုက်ခဲ့တဲ့ ပရိသတ်တွေအတွက် dark and brooding ကနေ (ဒီနေရာမှာ dark ဆိုတာက အရောင်မှောင်တာကို ပြောတာမဟုတ်ပါဘူး။) ရုတ်တရက်ချက်ချင်းဆိုသလို အကြောင်းပြချက်မရှိ light-hearted ပြောင်းသွားမယ့် အဖြစ်မျိုးကို မလိုလားတဲ့သူတွေကိုJustice League ကပျော်စေပါလိမ့်မယ်။ JL ဟာ MoS နဲ့ BvS မှာ hero တွေရဲ့ ပုခုံးပေါ်က ၀န်ပိုးတွေကို ထင်ထင်ရှားရှား ပြခဲ့ရတဲ့ အကြောင်းရင်းပါပဲ။ အရင်ကားတွေ Dark ဖြစ်ခဲ့တာက JL တောက်ပဖို့အတွက်လို့ပဲ ပြောရမှာပါ။
နောက်တစ်ခုက ဟာသ…။ trailer တွေထဲမှာ ပါပြီးဖြစ်တဲ့ “What’re your superpowers again?” “I’m rich.” လိုဟာသမျိုး …၊ MCU ကားအနေနဲ့ ဥပမာပေးရရင် Iron Man(2008), Captain America: The Winter Soldier (2014) တို့လိုကားတွေထဲက ဟာသမျိုးကိုပဲ တွေ့ရမှာပါ။ ဟီးရိုးတွေကို ရှက်စရာဖြစ်အောင်လုပ်ပြီး ရယ်စေတာမျိုးနဲ့ ကြည့်နေတဲ့အရှိန်ကိုပျက်စေတဲ့ ဟာသမျိုးတွေမပါခဲ့ပါဘူး။ အဲဒါအပြင် ပြုံးလည်းပြုံးနေရင်း၊ ရင်လည်းခုန်နေရင်း ပိတ်ကားပေါ်ကနေလည်း မျက်လုံးမလွှဲနိုင်ပဲ ဖြစ်နေစေမယ့် အခိုက်အတန့်တွေလည်း လက်တစ်ဆုပ်စာမကကို ပါပါတယ်။ အထူးသဖြင့် အက်ရှင်ခန်းတွေ …။
အက်ရှင်ခန်းတွေဟာ Man of Steel ကလို adrenaline ပန်းထွက်လောက်တဲ့ အရသာကို ပြန်မ​ပေးနိုင်ပေမယ့် BvS, Suicide Squad နဲ့ Wonder Woman တို့ထက် ပိုအားရစရာကောင်းတဲ့ အခန်းတွေကိုကြည့်ရမှာပါ။ fight ​တွေမှာ ကျဆုံးသွားတဲ့သူတွေကိုပဲ Snyder ရဲ့ထုံးစံအတိုင်း ကွက်ကွက်ကွင်းကွင်း ပြခဲ့ပြီး၊ WW တုန်းကလိုပဲ final fight ဟာ သူ့ကိုပျိုးတဲ့အခန်းတွေလောက် epic မဖြစ်ပေမယ့် တခြား superhero ကားအများစုထက် ခေါင်းတစ်လုံးမက သာနေပါတယ်။
ဒါ့အပြင် character တစ်ယောက်ချင်းရဲ့ power တွေကို showcase လုပ်ထားပုံက Justice League ဟာ DC hero တွေကို ပရိသတ်ဆီ ထုတ်ကြွားဖို့သက်သက် ရိုက်ပြထားသလား ထင်ချင်စရာပါ။ အထူးသဖြင့် Flash ကို တင်ဆက်ထားပုံက CW show ကို (အက်ရှင်ပိုင်းနဲ့ ပတ်သတ်ရင်) မေ့သွားစေနိုင်လောက်ပြီး၊ တစ်ကားလုံးမှာ comic ထဲက iconic moment တွေကို ပြန်ဂုဏ်ပြုထားတဲ့ scene တွေလည်း မရေနိုင်အောင်ပါပဲ။ comic တွေမှာ ထင်ရှားပေမယ့် DCEU မမြင်ရသေးတဲ့ power တွေကို ကောင်းကောင်းချပြခဲ့လို့ တစ်ချို့နေရာတွေမှာ ပိုတယ်လို့တောင် ထင်ချင်စရာပါ။ ပြောရရင် ဒီဇာတ်ကောင်တွေကို ငယ်ငယ်တည်းက ရင်းနှီးလာခဲ့တဲ့ ပရိသတ်တွေ nerdgasm ရစေမယ့်အခန်းတွေ အပြည့်နဲ့ပါပဲ။
Post-production ပိုင်း တစ်ဝက်တစ်ပျက်နဲ့ ဒါရိုက်တာ Zack Snyder နှူတ်ထွက်သွားခဲ့ရပေမယ့် ဒီကားမှာ အသက်ရှူမှားစရာ ရိုက်ချက်တွေ ပါတုန်းပဲဖြစ်ပြီး၊ Snyder ရဲ့အမှတ်သညာ အက်ရှင်ခန်းတွေကလည်း အပေါ်မှာ ပြောခဲ့သလို စိတ်လှူပ်ရှားစရာတွေချည်းပါပဲ။BvS, Watchmen တို့လို ​လေးနက်​တဲ့ sh ကား​တွေကို ဖန်​တီးခဲ့သူ Snyder ဟာ fan service အပိုင်းကိုလည်း ပိုင်​ပိုင်​နိုင်​နိုင်​ ကျွမ်းကျင်​သူဆိုတာကို ဒီကားက သက်​​သေပြခဲ့ပါတယ်​။
အဲဒါအပြင်​ ကျွန်​​တော်​တို့ ​မျှော်​လင့်​ထားသလိုပဲ ဇာတ်​​ကောင်​အချင်းချင်းကြား အ​ပေးအယူမျှခဲ့ပြီး၊ တစ်​ကားလုံးရဲ့ highlight ​တွေထဲမှာ team ဆုံကြတဲ့အခန်း​တွေက အဓိကပါခဲ့တာမို့ Snyder နဲ့ Joss Whedon ရဲ့အတွဲအစပ်​က ဒီ​နေရာမှာ ​ရွှေဖြစ်​ခဲ့တယ်​လို့ ဆိုရမှာပါ။ Joss Whedon ကဒီကားကို လက်စသတ်ခဲ့ရပေမယ့် သူ့ရဲ့လက်စလက်နကို ဟာသခန်းတစ်ခုကလွဲရင် မခံစားခဲ့ရတာမို့ Justice League ကို Zack Snyder ရဲ့ဖန်တီးမှုအဖြစ်ပဲ စိတ်ချလက်ချ မှတ်ယူလို့ရပါတယ်။ runtime ကို ၂ နာရီပဲ ထားရမယ်ဆိုတဲ့ Warner Bros. ရဲ့သတ်မှတ်ချက်အောက်မှာ Justice Leauge ဟာ Snyder နဲ့ Whedon တို့ရဲ့ အားကုန်ကြိုးစားမှုလို့ သိ​ပေမယ့်​ Zack သာမနှုတ်​ထွက်​ခဲ့ရင်​ဆိုတဲ့ နှ​မြောမှုမျိုး​တော့ ခံစားမိခဲ့တာ အမှန်​ပါ။
ဒီ runtime ကနေဆက်ပြီး ဒီကားရဲ့အားနည်းချက်က စလာပါတယ်။ အဲဒါကတော့ character တွေကို ဇာတ်ကြောင်းထဲ ဆွဲသွင်းတဲ့နေရာမှာ အချိန်မပေးနိုင်တာပါ။ အထူးသဖြင့် Aquaman …။ သူ့ရဲ့ရာဇ၀င်နဲ့ League ကိုဝင်ရတဲ့ motivation တို့ကို ပြတဲ့နေရာမှာ လောထားပုံက ဒီအခန်းတွေကို ဖြတ်ထားရတယ် ဆိုတာကို ချက်ချင်းကိုသိသာစေပါတယ်။ Aquaman ကို မျှော်လင့်ထားတဲ့သူတွေကို Jason Momoa ရဲ့သရုပ်ဆောင်ပုံနဲ့ အက်ရှင်ခန်းတွေက အားရစေမှာပေမယ့် character development ပိုင်းကတော့ စိတ်ပျက်စရာပါပဲ။ Ray Fisher ရဲ့ Cyborg ကတော့ သူ့လောက်မဆိုးဝါးပေမယ့် Momoa လို charisma မရှိခဲ့တာကြောင့် ဒီကားမှာ အားအနည်းဆုံးဇာတ်ကောင် ဖြစ်လာပါတယ်။
ကျန်တဲ့ဇာတ်ကောင်တွေထဲ Wonder Woman နဲ့ Superman တို့ကထင်ထားတာထက် မပိုခဲ့ပေမယ့် Ezra Miller ရဲ့ The Flash ကတော့ မျှော်လင့်ထားသလို backstory ကပြည့်စုံခဲ့ပြီး BvS မှာတည်းက ပျိုးခဲ့ရတဲ့ Batman လိုပဲ character arc တစ်ခုပြီးမြောက်ခဲ့ပါတယ်။ Flash ပရိသတ်တွေအတွက် Flashpoint ဇာတ်ကားကို အမျှော်ကြီးမျှော်စေမယ့်သူ ဖြစ်လာမှာပါ။ သရုပ်ဆောင်ပိုင်းကတော့ Ezra Miller က ခေါင်းတစ်လုံး ပိုသာခဲ့ပြီး၊ ကျန်တဲ့သူတွေကတော့ မျှော်လင့်ထားသလောက်ပဲ လုပ်ပြသွားခဲ့ပါတယ်။
နောက်ထပ်အားနည်းချက်ကတော့ ဇာတ်လမ်းပိုင်းနဲ့ ဗီလိန်ပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ JL ဟာ MoS နဲ့ BvS တို့က ဆင်ပေးခဲ့တဲ့ ဇာတ်အိမ်တစ်ခုကို အဆုံးသတ်ရုံတစ်ခုထက် မပိုခဲ့ပါဘူး။ ဇာတ်အိမ်က အပေါစား နို့ဝေဖာတစ်ချပ်လို ပါးလျခဲ့ပြီး၊ တခုတ်တရပြောစရာ ဇာတ်လမ်းမရှိခဲ့ပဲ၊ League ဖွဲ့တာကို မြင်ရမယ်၊ ဘာကြောင့်ဖွဲ့ရတယ်၊ အဖွဲ့ဝင်တွေရဲ့ခံယူချက်နဲ့ စိတ်ထားတွေကိုပြခဲ့တဲ့ ကားတစ်ကား …၊ ဒီ hero တွေကို showcase လုပ်ခဲ့တဲ့ပွဲတစ်ခုပါပဲ။
ပြီးတော့ ဗီလိန် …။ CGI ပိုင်းနဲ့ပတ်သတ်ရင် ထွက်ပြီးသမျှ DC, Marvel, Fox တို့ရဲ့ superhero ကားတွေက CGI တွေကိုကြည့်ပြီး စိတ်ထဲနေသာခဲ့တယ်ဆိုရင် Steppenwolf ရဲ့ CGI က စိတ်ကျေနပ်စရာ ပေးပါလိမ့်မယ်။ဒါ့အပြင်​ Steppenwolf ကိုယ်​တိုင်​က ​League အတွက်​ အင်​အားကြီးပြိုင်​ဖက်​ဖြစ်​သလို parademon ​တွေကလည်း SH ကား​တွေမှာ မြင်​​နေကျလို လူသာမန်​က အသာအယာ ဂုတ်​ချိုးလို့ရတဲ့သူ​တွေ မဟုတ်​လို့ action ခန်း​တွေမှာ ကြည့်​​ကောင်းခဲ့ပါတယ်​။
ဒါပေမယ့် ဇာတ်လမ်းအပေါ် အရေးပါပုံနဲ့ ပတ်သတ်ရင်တော့ SW ဟာ Justice League ဖြစ်လာစေဖို့အတွက် အကြောင်းရင်းတစ်ခုဆိုတာထက် မပိုခဲ့ပါဘူး။ Zod တို့လို ဗီလိန်ဖက်က ရှေ့နေလိုက်စေချင်မယ့် ခံစားချက်မျိုး ဖြစ်စေမှာမဟုတ်သလို၊ Lex Luthor လိုလည်း ဇာတ်အိမ်တစ်ခုလုံးကို အဓိကကြိုးကိုင်တဲ့ character လည်း မဟုတ်ခဲ့ပါဘူး။ League အတွက် ပြိုင်ဖက်တစ်ယောက်သက်သက်ပါပဲ။
ဒါကို အားနည်းချက်လို့ ယူဆနိုင်ပေမယ့် ဇာတ်လမ်းတင်ဆက်ပုံကို သတိထားကြည့်ရင်တော့ Steppenwolf ဒီလိုဖြစ်နေတာဟာ တမင်လုပ်ယူထားတာလို့ သိနိုင်ပါတယ်။ Captain America: Civil War ဇာတ်ကားမှာ ကျွန်တော်အကြိုက်ဆုံးအပိုင်းက Zemo ကိုပြသွားပုံပါ။ သူဟာ မြင်နေကျဗီလိန်မဟုတ်။ ပြောရရင် ဗီလိန်လို့တောင် တစ်ထစ်ချ သတ်မှတ်လို့မရပဲ၊ အကြီးစားဇာတ်ပို့ပုံစံအဖြစ် Russo ညီနောင်က ပုံဖော်သွားခဲ့တယ်။
Steppenwolf လည်း ဒီလိုပါပဲ။ တစ်ကားလုံးမှာ သူ့ရဲ့ရည်ရွယ်ချက်နဲ့ လုပ်ပုံကိုင်ပုံကို သူ့ဖက်က ပြတာမျိုး မရှိခဲ့ပဲ၊ hero တွေဖက်က မြင်တဲ့အမြင်နဲ့သာ တင်ဆက်သွားခဲ့တယ်။ ဒီကားမှာ Steppenwolf အတွက် သက်သက်အချိန်ပေးပြီး ဇာတ်လမ်းဆင်တာမျိုး မလုပ်ခဲ့ပဲ၊ ဇာတ်လမ်းကို ခြယ်လှယ်ဖို့ထက် ဇာတ်လမ်းအတွက် အဖြည့်ခံအဖြစ်သာ အသုံးတော်ခံသွားခဲ့တယ်။
JL နဲ့ပတ်သတ်ရင် နောက်ထပ်အားမရတဲ့အချက်က နောက်ခံတီးလုံးပါ။ Danny Elfman ရဲ့ဖန်တီးမှူတွေက အတိတ်က Batman နဲ့ Superman တို့ကို ပြန်အမှတ်ရစေရုံ …၊ superhero ဇာတ်ကားတစ်ကားမှာ ကြားရမယ့် သံစဉ်တွေဖြစ်ရုံလောက်ပါပဲ။ အပြစ်ဆိုစရာ မရှိခဲ့ပေမယ့် DC ကားတွေရဲ့ အမှတ်သညာဖြစ်တဲ့ စိတ်လှူပ်ရှားစရာ score တွေကို စွဲလမ်းခဲ့သူတွေ အတွက်ကတော့ စိတ်ပျက်မိမှာဖြစ်ပြီး ဒီကားကြ ည့်ရင်း Man of Steel, Wonder Woman တို့နဲ့အတူ ရုံထဲကပရိသတ်ကို ထခုန်ချင်အောင် ဖြစ်စေခဲ့တဲ့ Hans Zimmer ရဲ့လက်ရာတွေကို ကိုတမ်းတမိကြမှာက အသေအချာပါ။
နောက်​ဆုံးအ​နေနဲ့ JL မှာ မျက်​စိအ​နောက်​ဆုံးက​တော့ Henry Cavill ရဲ့နှုတ်​ခမ်း​မွှေးကို ​ဖျောက်​ထားတဲ့အခန်း​တွေပါ။ ကြိုမသိထားတဲ့သူ​တွေအတွက်​ မသိသာ​ပေမယ့်​ ​သတိထားကြည့်​မိရင်​ ​တော်​​တော်​ဆိုးဆိုးဝါးဝါးပါပဲ။
ခြုံပြောရရင် Justice League ဟာ အပြစ်အနာဆာတွေ ပါပေမယ့် ကောင်းကွက်တွေက ပိုများခဲ့တဲ့ကားပါ Superhero genre ကိုအခြေခိုင်​စေခဲ့တဲ့ Avengers ကို ဂုဏ်တက်စေခဲ့သလို ကျွန်တော်တို့ရဲ့ ကလေးဘ၀ကို ကြီးစိုးခဲ့တဲ့သူတွေကို ပိတ်ကားပေါ်မှာ အထင်းသား တွေ့မြင်ရစေမယ့် …၊ DCEU ကိုတစ်လျှောက်လုံးအားပေးခဲ့တဲ့ ပရိသတ်တွေအတွက် BvS နဲ့မတူပေမယ့် BvS လိုပဲ စိတ်ကျေနပ်မှု အပြည့်အ၀ရစေမယ့် …၊ SH fan တွေအကုန်​ ​ပျော်​ရမယ့် ဇာတ်ကားတစ်ကားပါပဲ။
PS ~ ဒီဇာတ်ကားကို နိုင်ငံတကာနဲ့ တပြေးညီ ရုံမတင်ပေးနိုင်ခဲ့လို့ စိတ်ပျက်ခဲ့ရပေမယ့် Premiere Show ကိုကြည့်ခွင့်ပေးခဲ့တဲ့အတွက် မင်္ဂလာရုပ်ရှင်လုပ်ငန်းစုကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။
PPS ~ credit scene နှစ်​ခုပါပြီး၊ နှစ်​ခုလုံးက အားရစရာ​တွေချည်းပါ။ အထူးသဖြင့်​ ​နောက်​ဆုံး credit scene ကိုကြည့်​ဖြစ်​​အောင်​ ကြည့်​ကြပါလို့။
#MMDB_Reviews #JusticeLeague #ASW
Translated & Encoded by Aung Myint Oo
Quality Blueray

IMDB 7.1
Genres Action, Adventure, Fantasy
HD Link 870 Mb




😁😁😁😁😁😁😁😁😁😁😁



No comments:

Post a Comment